ဆားပုလင်းနှင်းမောင်
တခါတုန်းက စာရေးဆရာ မင်းသိင်္ခ ထောင်က လွတ်ပြီးနောက် သူနဲ့ ရန်ကုန်မှာ တွေ့ခဲ့ဖူးတယ်။
“ဆားပုလင်း နှင်းမောင် ဆိုတာ ငါ့စိတ်ကူးနဲ့ ငါကိုယ်တိုင် ဖန်တီးထားတဲ့ ဇာတ်ကောင်ပါ၊ တကယ် မရှိတဲ့ အင်းစိန် က လိပ်စာကို ဝထ္ထုထဲ ရေးလိုက်ပြီးနောက်မှာ အင်းစိန် စာတိုက်က – ဆားပုလင်း နှင်းမောင် လိပ်မူ ပို့လိုက်တဲ့ စာတွေ တနေ့ တနေ့ ရာချီ ပစ်နေရတယ်လို့ ငါ့ကို လာပြောရအောင်ထိ ဖြစ်ခဲ့တယ်။”
“တနေ့မှာလဲ – စာဖတ်ပရိတ်သတ် တယောက်က ငါ့ ဆီရောက်လာပြီး၊
ဆားပုလင်း နှင်းမောင် ဆိုတာ တကယ်ရှိတာပါ၊
သူ့ အိမ်ကိုလဲ ရောက်ဖူးပါတယ် – လို့ လာပြောသူလဲ ရှိသေးတယ်”
ဆိုပြီး အားရပါးရ ‘ရယ်’ ပြောခဲ့တာ ကြားဖူးပါတယ်။
ဆေးရုံစောင့် လုပ်သား
မြန်မာပြည်က ရွှေ့ပြောင်း ဒုက္ခသည် တယောက်ဟာ – သြစတေးလျ နိုင်ငံ ရောက်လာပြီး၊ အင်္ဂလိပ်လို မကျွမ်းကျင်တဲ့ အခါ၊ ဆေးရုံစောင့် လုပ်သား အလုပ်ကို လုပ်နေပါတယ်။
(သြစတေးလျမှာ ဆရာဝန် ဖြစ်စေ၊ ဆေးရုံစောင့် လုပ်သား ဖြစ်စေ၊
ကိုယ်ကာယ သုံးတာနဲ့၊ ဥာဏ သုံးတာ ဘဲ ကွာခြားပြီး၊
လုပ်နိုင်ရင် လုပ်နိုင် သလောက် ဝင်ငွေ ယှဥ်ပြိုင်နိုင်တယ်။
ဆိုလိုတာက – သြစတေးလျမှာ ဆေးရုံစောင့် လုပ်သား ဆိုလို့လဲ အထင်သေးလို့ မရပါဖူး၊ သူလဲ အိမ်ပိုင်၊ ကားပိုင်၊ သြစတေးလျ လူနေမှု အဆင့်အတန်း အတိုင်း နေထိုင် စားသောက်နိုင်ပါတယ်။)
တနေ့မှာ မြန်မာ စကားပြောကြသူ အချင်းချင်း တွေ့ တဲ့ အခါမှာတော့ –
“သြစတေးလျမှာ ဝန်ကြီးချုပ်လုပ်တာ ဘာမှ ခက်တာ မဟုတ်ဖူး၊
ငါ အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်လို့ ကတော့ အခု ပါလီမာန်ထဲ ဝင်ထိုင်နေပြီ” လို့ ဆိုလာတဲ့ အခါ၊
အသံတိတ် အူနှိပ်ပြီး နှုတ်ဆက်ခဲ့ရဖူးပါတယ်။
ဥာဏ်ကြီးရှင်များ
သြစတေးလျမှာ ကိုယ်နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်သူတွေကို၊
အလုပ်တွေ အလွယ်တကူ၊ အမှားနည်းနည်းနဲ့၊ ထိထိရောက်ရောက် လုပ်နိုင်အောင် အတွက် App တခု လုပ်ပေးပြီး၊ သုံးစွဲနည်းနဲ့ ပုံစံ ကို တိတိကျကျ၊ သေချာ ရှင်းပြပေးတယ်။
သို့ သော် – App ကို သုံးကြသူ အချို့ (အများအားဖြင့် အမိ ရွှေနိုင်ငံတော်ကြီးက ဥာဏ်ကြီးရှင်များ) က၊ ကိုယ်လုပ်ပေးထားတဲ့ App သုံးတာကို ကိုယ့်ထက် ပိုပြီး တတ်ကျွမ်း သိလေကြသော်-
“ဒါမျိုးဟာ ရယ်စရာ မဟုတ်ဖူး” လို့ နားလည်လိုက်ပါတော့တယ်။
Share Your Thoughts