မောင်မောင်လှမြင့်

ဒီရက်ပိုင်းအတွင်း လက်ရှိအခြေအနေ မှတ်စုတခု ရေးဖို့ ပြင်ဆင်နေတုန်းမှာဘဲ၊ မြန်မာပြည်က နိုင်ငံကျော် ပန်းချီဒီဇိုင်းပညာရှင် ဦးမောင်မောင်လှမြင့် ကွယ်လွန်အနိစ္စရောက်တယ် ကြားရတဲ့ အတွက် အလွန်စိတ်ထိခိုက်မိရပါတယ်။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မှာ နေတဲ့ ဦးမောင်မောင်လှမြင့် ဟာ ဦးလေး တဝမ်းကွဲတော်ပြီး၊ မိတ်ဆွေလို ပေါင်းသင်းဆက်ဆံပါတယ်။ အန်ကယ်မောင် ဟာ ဆိုရှယ်လစ်ခေတ် ၁၉၇၀ နှောင်းပိုင်းကနေ ၁၉၈၀ နှောင်းပိုင်းတွေမှာ ရန်ကုန်မြို့လယ်ခေါင်က ကြော်ငြာပိုစတာ ဆိုင်းပုဒ်ကြီးတွေကို လမ်းသွားလမ်းလာ ရပ်ကြည့်ရအောင် ရေးဆွဲနိုင်ခဲ့တဲ့ ပန်းချီဒီဇိုင်းဆရာတယောက်ဖြစ်တဲ့ အတွက် သူ့ကို အထင်ကြီး လေးစားခဲ့ပါတယ်။

အန်ကယ်မောင်မှာ စိတ်စေတနာ ကောင်းမွန်ပြီး၊ သူတပါးအကျိုး အများအကျိုးကို လုပ်ဆောင်ပေးရတာ ဝါသနာပါတယ်လို့ သိခဲ့ပါတယ်။ “ငါက နာမယ် လေးလုံးနဲ့ကွ” လို့ နောက်ပြောင်ပြောတတ်သော အန်ကယ်မောင်နဲ့ မတွေ့တာ နှစ်ပေါင်း ၃၀ ကျော်လောက်ရှိပေမဲ့၊ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖေ့စ်ဘွတ် ပေါ်မှာ ပြန်ချိတ်မိပြီး အန်ကယ်မောင်ရဲ့ လှုပ်ရှားမှုတွေကို တွေ့ရပါတယ်။ အန်ကယ်မောင်ဟာ အသက်ရလာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ သူ့ရဲ့ ပန်းချီအမွေအနှစ်ကို စုဆောင်းထားနေတယ်လို့ တွေ့ပါတယ်။

ဒါပေမဲ့ အန်ကယ်မောင် အနေနဲ့ အခုလို စောစောစီးစီး ဘဝကူးရမယ်ဆိုတာကိုတော့ မထင်ထားမိပါဖူး။ တချိန်မှာ အန်ကယ်မောင် သြစတေးလျကို လာလိမ့်အုံးမယ်၊ ဒီမှာ ဆုံဖြစ်လိမ့်အုံးမယ် ထင်ထားပါတယ်။ အခုလို အန်ကယ်မောင် သတင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ အင်မတန် စိတ်မကောင်း ဖြစ်မိပါတယ်။

Share this:

Comments

Share Your Thoughts

Your email address will not be published. Required fields are marked *