သုခုမရုပ်ရှင်၊ ဒါရိုက်တာ မောင်မောင်မြင့် ဟာ အနုပညာရှင် ‘Hero’ တယောက်ပါ။
Hero – ဟီးရိုး ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရမှာ မြန်မာလို သူရဲကောင်း လို့ ပြောကြပေမဲ့၊ နားလည်သလို တိတိကျကျ အဓိပ္ပါယ် ဖွင့်ရရင် –
အခြားသူ (အများသူ) အတွက် ကြီးမြတ်တဲ့ စွန့်လွှတ် စွန့်စားသူလို့ ပြောရမှာပါ။
တနည်းဆိုရရင် ‘Noble Qualities’ ရှိတဲ့သူလို့ ပြောရမှာပါ။
(၁)
သုခုမရုပ်ရှင်၊ ဒါရိုက်တာ မောင်မောင်မြင့် ဆုံးပါးသွားတဲ့ သတင်းကြားတဲ့ အခါမှာတော့ – ဘကြီးအရင်း (အမေ့ အကို အရင်း) ဖြစ်လို့ စိတ်မကောင်း ဖြစ်မိတာထက်၊ ငယ်ငယ်ကတည်းက အနီးကပ် ကြီးပြင်းလာရတဲ့ ဘကြီးတယောက် ဖြစ်လို့ –
ပရိတ်သတ်က ဘဘရဲ့ ဘဝဇာတ်နဲ့ ဖန်တီးခဲ့တဲ့ အနုပညာတွေကို၊
ဘယ်လို တုန့်ပြန်မလဲ ဆိုတာ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။
ဒါပေမဲ့ ဘဘရဲ့ ပရိတ်သတ်ကို မြှုပ်ထားတဲ့ ဇာတ်ကွက်တခုက၊
- ရုပ်ရှင်မှာဆိုရင် မဖော်တော့ဘဲ မြှုပ်ထားလိုက်ပြီး ပရိတ်သတ်ကို စဥ်းစားခွင့်ပေးတဲ့ ဇာတ်လမ်းမျိုး၊
- ဘဘ သဘောကျတဲ့ ဒါရိုက်တာကြီး Alfred Hitchcock လို ပြကွက်မျိုး၊
- သာမာန် ပရိတ်သတ် နားမလည်နိုင်တဲ့ရုပ်ရှင်လိုမျိုး။
ဇာတ်ဆိုတာ မဖော်ဘဲ၊ အဲသည်လို မြှုပ်ကွက်လေးနဲ့ အဆုံးသတ်တဲ့ ပုံစံဟာ၊ ဆိုရှယ်လစ် နေဝင်းလက်ထက်က (လူထုရဲ့ တွေးခေါ်စဥ်းစားခွင့်ကို ပိတ်ပင်ထားတဲ့ စံနစ်တုန်းက)တော့-
ရုပ်ရှင်အနုပညာနဲ့ ပရိတ်သတ်ကို စဥ်းစားတွေးခေါ်တတ်အောင် လမ်းဖွင့်ပေးခဲ့တာ ကောင်းပါတယ်။
သို့သော်- ဒီလို ဇာတ်မျိုး လက်တွေ့ဘဝမှာ ဖန်တီးလိုက်တော့၊
ဘဘ ဘဝရဲ့ ဇာတ်ကြောင်းဟာ သေခါမှ – ပရိတ်သတ် ရှေ့မှာ၊ ဘဘက – ဗီလိန် လူဆိုး လူယုတ်မာ လိုဖြစ်နေတယ်။
တကယ်တော့ ဒီလိုဖြစ်လိမ့်မယ် ဆိုတာလဲ –
“ငါက လူတွေ အကြောင်း လူတွေကို ပြစားနေတဲ့ သူ” လို့ ပြောခဲ့ဖူးတဲ့… နိုင်ငံကျော် ဒါရိုက်တာ ဘကြီး၊ ကောင်းကောင်း သိခဲ့ပါတယ်။
(၂)
မွေးကတည်းက ဘဘနဲ့ တခြံတည်း ဟိုဖက်အိမ်၊ ဒီဖက်အိမ်၊
ဘဘရဲ့သား၊ ကိုကြီး (နောက်ပိုင်း – ရုပ်ရှင်မင်းသား ပြေငြိမ်း) နဲ့ အတူအိပ်၊ အတူကစား၊ အတူစား၊ ရုပ်ရှင်ရိုက် လိုက်၊ ကားကူး ကားဆေးလုပ်တာတွေ ဝင်ရှုတ်၊ ရုပ်ရှင် ရုံတင်တဲ့ အထိ ကြော်ငြာကားနဲ့ လိုက်နေတော့ – ၁၀ တန်း ၂ ခါလောက်ဖြေလိုက်ရပြီးနောက် ပြည်ပရောက်ပြီး ဘဘ၊ ကိုကြီးတို့နဲ့ သိပ်မတွေ့ဖြစ်တော့ပါဖူး။
ဒီအချိန်က မြန်မာပြည်မှာ ရုပ်ရှင် ကုမ္ပဏီအတွက် မင်းသားရှားတဲ့ အခက်အခဲ တခုရှိပါတယ်။
အဓိက ကျော်ဟိန်း နဲ့ ညွှန့်ဝင်း ၂ ယောက်ဘဲ ရှိပြီး၊
ဒီနှစ်ယောက် ဆိုရင် နယ်တွေက ဘယ်ဇာတ် ဖြစ်ဖြစ် လက်ခံလို့၊
‘အရင်း’ ရဖို့ သေချာတာကြောင့် သူတို့နဲ့ဘဲ ရိုက်ကြပါတယ်။
ကျော်ဟိန်း နဲ့ ညွန့်ဝင်းမပါရင် ရုပ်ရှင်ထုတ်လုပ်ရေးမှာ စွန့်စားရပြီး၊ အရှုံးပေါ်ဖို့များပါတယ်။
ဒီရုပ်ရှင်မင်းသား နှစ်လက်ကလဲ ရုပ်ရှင်ကုမ္မဏီတွေကို နည်းမျိုးစုံ ပညာပြ၊ ညစ်ပတ်တော့တာပါဘဲ။
ဒါကြောင့် ရုပ်ရှင်ကုမ္မဏီတွေမှာ ကိုယ်ပိုင် မင်းသားတွေ တင်ဖို့ လုပ်လာပြီး၊ သုခုမ ရုပ်ရှင်ကလဲ ကိုယ်ပိုင်မင်းသား တလက် မွေးထုတ်ဖို့ စဥ်းစားတဲ့ အချိန်ပါ။
ကိုကြီးက ‘ပြေငြိမ်း’ နာမယ်နဲ့ ‘ပိတောက်တွေ ရွှေရည်လူး’ ရုပ်ရှင်မှာ၊ မင်းသမီးသစ် ‘တင်နီလာဝင်း’ နဲ့ တွဲပြီး မင်းသား လုပ်ဖို့ ဖြစ်လာပါတယ်။
‘၁၀ တန်းအောင်ရင် ကျနော်လဲ ရုပ်ရှင် မင်းသား လုပ်ချင်တယ်’ လို့ ဘဘကို ပြောတဲ့ အခါ –
‘မင်းဘာဖြစ်လို့ မင်းသား လုပ်ချင်သလဲ’ လို့ မေးပါတယ်။
‘ဘဘလို နာမည်ကြီး ချင်လို့ပေါ့’ လို့ –
၁၆ နှစ်သား အတွေးအခေါ်နဲ့ ဖြေတဲ့ အခါ၊ ဘဘ က –
ကျော်ကြားမှုနဲ့ အနုပညာ မတူတဲ့ အကြောင်းနဲ့
အနုပညာကို စိတ်ဝင်စားရင်တော့ – နည်းလမ်းပေးမယ်၊ ကျော်ကြားမှု အတွက်တော့ သူမလုပ်ပေးတတ်ဖူး ပြောပါတယ်။
(၃)
၁၉၈၂-၈၃ လောက်မှာ မျက်နှာစိမ်း တယောက်ကို ရုပ်ရှင်မင်းသား တင်ဖို့ ရုပ်ရှင်ကုမ္မဏီ တခုဟာ၊ ရုပ်ရှင်တကားလုံး အရှုံးခံဖို့ လိုတဲ့ အပြင်၊ နောက်ဆက်တွဲ ကြော်ငြာတွေ နဲ့ နာမယ်ကြီးအောင် လုပ်ရတာ – ရုပ်ရှင် ဇာတ်ကားကြီး ၃၊ ၄ ကားဖိုးလောက် ကုန်ပါတယ်။
ကိုကြီးကို မင်းသားတင်ဖို့ အတွက် ဘဘက ပထမ တကားဘဲ ရင်းနှီးဖို့ လိုမဲ့ အကြောင်း၊ ကိုကြီးကို သူစိတ်ချရတဲ့ အကြောင်း အဖွားကို ပြောတဲ့ အတိုင်းဘဲ ကိုကြီးဟာ ပထမ တကားထဲမှာပင် ပေါက်သင့် သလောက် ပေါက်သွားတယ် ပြောရပေမဲ့ –
ကားဆက်ရိုက်ဖို့၊ ဆက်တိုက် ကြော်ငြာတွေ ထည့်နေနိုင်ဖို့တွေကို အဖွားက ဆက်လုပ်ပေးခဲ့ရပါတယ်။
တဖက်မှာ –
ဒါရိုက်တာ မောင်မောင်မြင့် ဆိုရင် လူတွေက သုခုမ ရုပ်ရှင်နဲ့ တွဲပြီး သိကြပါတယ် – အကြောင်းကတော့ ဘဘ ဟာ သုခုမ ရုပ်ရှင်ကလွဲပြီး သူ့ကို အခြားရုပ်ရှင် ကုမ္မဏီတွေက ဒါရိုက်တာ ဌားရိုက်တာမျိုး သိပ်မရှိဖူးပါဖူး။
- မောင်မောင်မြင့် ရိုက်တဲ့ ကားတွေ အရမ်းကောင်းတယ်၊
- မောင်မောင်မြင့် ရိုက်တဲ့ ရုပ်ရှင်တွေ မရှုံးဖူး၊
- ဒါပေမဲ့ ဘာကြောင့် မောင်မောင်မြင့်ကို ဌားမရိုက်ကြတာလဲ?
ဆိုတာ မေးခွန်း ဖြစ်ခဲ့ဖူးပါတယ်။
ဖလင် ခေတ်တုန်းက ရုပ်ရှင်ကုမ္မဏီတွေ ဖလင် ရောင်းစားတဲ့ အချိန်၊ သရုပ်ဆောင် အိုက်တင်မကြိုက်မချင်း ပြန်ရိုက်တတ်လို့ – ကုမ္မဏီတွေ ဖလင်မပိုတာ၊ ဗီဒီယို ခေတ် ရောက်ပြန်တော့လဲ၊ ထောင်ရိုက် မဟုတ်ဘဲ အပီအပြင် လုပ်နေတော့ – ထုတ်လုပ်ရေး စရိတ်ကြီးတာ၊ အခြားအလားတူ ရောင်းပန်းမှာ တွက်ချေမကိုက်တာတွေကြောင့် ဘဘကို ဌားမရိုက်ဘဲ၊ အဖွားရဲ့ ကုမ္မဏီ သုခုမ ရုပ်ရှင်ကဘဲ ပင်တိုင် ရိုက်နေတာပါ။
ဒီအကြောင်းက ဘဘ ဟာ သူ့အနုပညာ ဖန်တီးချက်ကို ရောင်းပန်း (စီးပွားဖြစ်သက်သက်)အတွက် – မလုပ်ချင်ခဲ့ဖူး ဆိုတာ သိသာခဲ့ပါတယ်။
(၄)
ဘဘက ရုပ်ရှင်တကားကို နာမယ်ပေးက အစ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း သူကိုယ်တိုင်ရေးပြီး၊ ဒါရိုက်တာ၊ ကင်မရာမင်း၊ တည်းဖြတ်၊ ကူးဆေး၊ နောက်ဆုံး ပြီးလို့ ရုပ်ရှင် ပိုစတာ အထိ သူကိုယ်တိုင် ဆွဲတာများပါတယ်။
ဒါပေမဲ့ ဘဘ ရုပ်ရှင်တကား ရိုက်ရင် တနှစ်လောက် အနည်းဆုံး ကြာတာကြောင့်၊ နောက်ဆုံး ထုတ်လုပ်ရေးပိုင်း မှာ သိပ်ပြီး မကိုက်ပေမဲ့ ပုံမှန်လည်ပတ်နိုင်တဲ့ အနေအထားမှာ၊ အဖွားကလဲ ဘဘနဲ့ဘဲ ဆက်ပြီး ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ပါတယ်။
လက်တွေ့ အခြေအနေကတော့ – ဘဘမှာ မကြီးရယ်၊ မငယ်ရယ်၊ ကိုကြီးရယ် သားသမီး ၃ ယောက်၊ ဘဘရဲ့ မိန်းမ – မေကြီး (ဒေါ်ခင်မမ) နဲ့ အတူ၊ အဖွားခြံထဲက စတူဒီယိုလုပ်ဖို့ ဆောက်ထားတဲ့ ပြင်ထောင်အိမ်ကြီးမှာ နေရပြီး၊ ဘဘ တယောက်ထဲရဲ့ ဝင်ငွေနဲ့ စားသောက်နေရတာပါ။
ဘဘဟာ အခြား စီးပွားဖြစ် ရုပ်ရှင်ဒါရိုက်တာတွေလို၊ ရောင်းပန်း မလုပ်ဘဲ၊ အနုပညာ ဖန်တီးမှု အရည်အသွေးကို အာရုံစိုက်တဲ့ အခါ မိသားစုရဲ့ ဝမ်းရေး သူ့ခေါင်းပေါ်မှာ ပိ,လာခဲ့ပါတော့တယ်။
ဟိုဖက်အိမ်ကနေ ဘဘတို့နဲ့ ထမင်းတူတူ လာစားရင် ကိုယ့်ဟင်း ကိုယ် ယူလာ စားရပါတယ်။
ဘာဘဲ ဖြစ်ဖြစ်၊ ဘဘက ကိုကြီးကိုလဲ ယုံတယ်၊ သူ့အနုပညာကိုလဲ ယုံတယ်။ ဒါ့ကြောင့်လဲ ကိုကြီး ရုပ်ရှင် စ,ရိုက်လို့ ဝင်ငွေ ရပြီ ဆိုတာနဲ့ ပထမဆုံး အိမ်ဆောက်မယ်၊ အိမ်ကို တဖြည်းဖြည်း ချဲ့သွားလို့ ရတဲ့ ဒီဇိုင်းလုပ်မယ်နဲ့ ဘဘ အိပ်မက် နေနိုင်ပါပြီ။
ဘဘတွက်သလိုဘဲ အိမ်ဘေးက ဘဘတို့ တိုက်တခြမ်း ပြီးနေတာကို နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး ၁၉၈၈ ခုနှစ် ရန်ကုန် ပြန်ရောက်လာတော့ တွေ့ရတယ်။
ကိုကြီးလဲ တော်တော် အောင်မြင်နေတယ်။
ရုပ်ရှင်တကား ရိုက်ရရင် ဒေါ်လာ တသိန်းလောက် ဝင်တယ် ဆိုလို့ – ဟိုတယ်မှာ ဘီယာလိုက်တိုက် ဆိုတော့ အိပ်ထဲ ၁ ဒေါ်လာတောင် မရှိတဲ့အခါ – မကြီးက မန်နေဂျာလုပ် ငွေသိမ်း၊ ဘဘ ဝင်ငွေရော၊ ကိုကြီး ဝင်ငွေရောကို ပေါင်းပြီး၊ အိမ်ဆောက်ဖို့ စီမံခန့်ခွဲနေတယ် လို့ သိရပါတယ်။
ရုပ်ရှင်မင်းသား ပြေငြိမ်း၊ သုခုမ ရုပ်ရှင် ဒေါ်နန်း တို့ရဲ့ ကျော်ကြားမှုကို ဖန်တီးပေးခဲ့ ပေမဲ့၊ ဘဘဟာ ပြေငြိမ်းရဲ့ အဖေ ဆိုပြီး၊ ပြေငြိမ်းနဲ့ သုခုမ ရဲ့ နာမယ် နောက်မှာဘဲ နေခဲ့တဲ့ ထုတ်လုပ်ရေး အနုပညာရှင် တဦးပါ။
(၅)
ရုပ်ရှင်ဒါရိုက်တာ တယောက်ဟာ မြန်မာပြည်မှာမှ မဟုတ်ဖူး၊ ဟောလီးဝုဒ်၊ ဘောလီးဝုဒ်၊ ကမ္ဘာပေါ်က ရုပ်ရှင် ဒါရိုက်တာတွေ ကြည့်ရင် –
သူတို့ အတွက် အနုအလှတွေဟာ အနားမှာ လိုချင်သလိုရတဲ့ အနေအထားမှာ ရှိတယ်။ ဒီ့ထက်ပိုလို့ – အဲဒီ အနုအလှတွေဟာ လိုချင်သလို အသုံးတော်ခံဖို့ အသင့်အနေအထား မှာ ရှိနေတာဘဲ။
ဒါရိုက်တာနဲ့ ညမအိပ်ရင် ဘယ်တော့မှ မင်းသမီး နာမယ်မကြီးဖူးဆိုတဲ့ ပြောစကားတွေ ရှိခဲ့သလို၊ Hollywood ကို ကမ္ဘာအရပ်ရပ်က မင်းသမီးဖြစ်ချင်လို့ လာတဲ့ သူ တထောင်မှာ ကိုးရာ့ကိုးဆယ်ကျော်က၊ အပြာရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်ကုန်တဲ့ သတင်းအချက်အလက်တွေ၊ ဒီနေ့ အင်တာနက်ခေတ်မှာ ရိုးနေပါပြီ။
သဘောကတော့ – ဖားကို တုတ်နဲ့ လိုက်ရိုက်နေစရာ မလိုပါဖူး၊ ဖားက တုတ်ကို ဝင်တိုးနေတာ ကမ္ဘာ့ ရုပ်ရှင် လောက သဘာဝပါ။
ရုပ်ရှင်မင်းသားတွေကတော့ သတိထားကြရပါတယ်။ ဖားကို ရှောင်တတ်ရပါတယ်။ မရှောင်ရင်၊ နာမယ်ကျပြီး ဘဝ ပျက်ပါလိမ့်မယ်၊ ဒီတော့လဲ – ပြေငြိမ်းကို တိုးတဲ့ ဖားတွေက ပြေငြိမ်းမရတော့ ပြေငြိမ်း အဖေကို ဝင်တိုးတာ မဆန်းပါဖူး။
မေကြီး (ဒေါ်ခင်မမ)၊ ဘဘရဲ့ မိန်းမက အင်မတန် သဘောထား ကြီးပါတယ်၊ ဘဘကိုလည်း တကယ့်မွန် မြတ် တဲ့ မေတ္တာနဲ့ ချစ်တယ်၊၊ သူလို မိန်းမမျိုးလဲ အင်မတန် ရှားပါတယ်၊ မေကြီးရဲ့ စိတ်ထားဟာ အတော်ကို အဆင့်မြင့်ပါတယ်။
ဘဘ စိတ်တိုင်းကျ လုပ်သမျှ၊ ဘာမှ မပြောတဲ့ အပြင်၊ ပရိတ်သတ်မသိအောင် ဖုံးဖိပေးပါတယ်။ ဘဘ သိပ်လွန်လာရင် တော့၊ သူတို့အိမ်မှာ အော်ပရာဇာတ် ကြည့်ရသလိုပါဘဲ၊ လင်နဲ့မယား ဇာတ်လမ်း ကောင်းတတ်ပါတယ်။
အနုပညာရှင် ရုပ်ရှင် ဒါရိုက်တာ ဆိုတာလဲ သာမာန်လူ တယောက်ပါဘဲ။
(၆)
မြန်မာပြည် ပြန်ရောက်ပြီး တရက်၊ ညဖက်မှာ အိမ်ကို ရေလာချိုးပြီး – မန္တလေး ကားရိုက်သွားအုံးမယ်လို့ ပြောသွားတဲ့ ကိုကြီး၊ တောင်ငူမှာ ရထားပေါ်က ပြုတ်ကျလို့ ဆုံးသွားတဲ့ သတင်းရလိုက်တယ်။
ဘဘနဲ့ ဘဘ မိသားစု အတွက်တော့ ရွှေတောင်ကြီး ပြိုတာပါဘဲ။
(ဒါကလဲ အကြောင်းရှိလို့ အကျိုးဖြစ်တာ ဘဘ သိခဲ့ပါတယ်)။
ဒါပေမဲ့ ကိုကြီး ဆုံးပြီး၊ ပထမ တနှစ်၊ နှစ်နှစ်မှာ ကိုကြီးရဲ့ ဓါတ်ပုံတွေ၊ အမှတ်တယ ပစ္စည်းတွေ၊ အမျိုးမျိုး ဒီဇိုင်းလုပ်၊ ရောင်းပေးပြီး ငွေရှာပေးခဲ့လို့ ကျန်တဲ့ အိမ်နောက်ထပ် အပိုင်းတပိုင်းကို ဆက်ပြီးဆောက်နိုင်ခဲ့ပါတယ်။
ပြေငြိမ်းက သေတဲ့ အထိ ငွေရှာပေးသွားတယ်လို့ဘဲ ဘဘက အသိအမှတ်ပြုခံပါတယ်။
အနုပညာရှင် အမှန်အကန် တယောက်ဟာ ကျော်ကြားဖို့ နာမည် နေရာ ဝင်မယူဖူး ဆိုတာကို နွေကန္တာဦး ရုပ်ရှင်မှာ ကတည်းကသိခဲ့တာပါ။
(၇)
နွေကန္တာဦး ရုပ်ရှင်ပြတဲ့ အချိန်၊ မြန်မာပြည် ရုပ်ရှင် လောကမှာ ‘အရူး’ ကားရိုက်ရင် အကယ်ဒမီ ရတယ် လို့ လူပြောများချိန်၊
ဗိုလ်ဘကိုနဲ့ ကြည်ကြည်ဌေးကလဲ သရုပ်ဆောင် ကောင်းမှကောင်း ဆိုတော့ ရုပ်ရှင် အကယ်ဒမီ ပေးအဖွဲ့က ဘဘ ဆီလာတယ်။
ဒါရိုက်တာ နဲ့ ရုပ်ရှင် ကုမ္မဏီကိုပါပေးမယ်၊ အဲ့ခေတ်က အကယ်ဒမီ တရုပ်အတွက် ငါးသိန်းဆိုလား တောင်းတယ်။
အဲဒီအခါ ဘဘက – “အကယ်ဒမီ မပေးရင် မပေးနဲ့၊ ငွေနဲ့တော့ မဝယ်ဖူးကွ” လို့ပြောတဲ့ အခါ၊ ဒီလူတွေမှာ ရှက်ကိုး ရှက်ကန်းနဲ့ “မဟုတ်ပါဖူး ဆရာရယ်… ရွှေစင်ရုပ်တု သွန်းခ တောင်းတာပါ”လို့ ပြောပြီး ပြန်သွားတယ် ဆိုတာကြားဖူးပါတယ်။ ပိုက်ဆံ မပေးလိုက်တဲ့ အတွက် ဘဘလဲ အကယ်ဒမီ မရခဲ့ပါဖူး။
(၈)
ကိုကြီးဆုံးပြီး အဖွားလဲ အသက်ကြီးပြီမို့ ရုပ်ရှင်မရိုက်တော့ဘဲ၊ ပိုင်ဆိုင်မှုတွေကို သားသမီးတွေ ခွဲပေးလိုက်တယ်။
နောက်ပိုင်း နှစ်နှစ်၊ သုံးနှစ်အထိ၊ အနုပညာကို ရောင်းပန်း မတင်တတ်တဲ့ ဘဘက အမွေရတဲ့ ခြံထဲက၊ တဝက်လောက် ဆောက်ထားပြီးသား အိမ်မှာ၊ မကြီးနဲ့ မငယ်တို့ ယောကျ်ားတွေရဲ့ ဝင်ငွေနဲ့ စားသောက်နေရတော့တဲ့ အခါ၊ အိမ်မှာ သုံးမရတဲ့ လူပိုလိုမျိုး ဖြစ်လာတယ်။ ဘဘ အတွက်တော့ – ဒါရိုက်တာကို မိသားစုက ဒါရိုက်တာ ပြန်လုပ်နေတာမျိုး မခံနိုင်တော့ဖူးလို့ သိလိုက်ရတယ်။
နောက်မကြာပါဖူး – ‘မင်းဘဘ စမောလေး ယူပြီး လစ်သွားပြီ’ ဆိုတာ ကြားလိုက်ပါတော့တယ်။
(၉)
ဘဘ အသက် ၇၀ လောက်မှာ၊ ကွန်ပျူတာ ကိစ္စ အကူအညီလှမ်းတောင်းလို့ ဘဘ နေတဲ့ နေရာ ရောက်သွားတော့…
တချိန်က ညနေခင်း မြက်ခင်းပေါ်မှာ ဆေးတံကြီး သောက်ပြီး၊ အနုပညာ ခံယူချက်တွေကို မိန့်မိန့်ကြီး ပြောတတ်တဲ့ ငါ့ဘကြီးကို၊ တိုက်ခန်း စုတ်စုတ်လေးထဲမှာ၊ ပရိဘောဂ ပြည့်ပြည့်စုံစုံ မရှိဘဲ ကုတ်ကုတ်လေးနဲ့ ခါးလေးကိုင်းပြီး စကားပြောတာ တွေ့လိုက်ရတယ်။
‘ဘဘက ဘာလို့ ဒီလိုနေ နေတာလဲ?’ လို့မေးတော့၊
‘ငါ့ ရွေးချယ်မှု’ လို့ဆိုပါတယ်၊
အနေစုတ်စုတ် နဲ့ တွေ့ရပေမဲ့ ဘကြီးကို အထင်သေးလို့ မရခဲ့ပါဖူး။
အနည်းဆုံး ကာလပေါက်စျေးနဲ့ဆိုရင် ဒေါ်လာ သန်း ဆယ်ဂဏန်းမှာ ရှိတဲ့ အမွေကို ပစ်ထားခဲ့ပြီး၊ ဒီလို စုတ်စုတ်လေး နေဖို့ ရွေးချယ်ခဲ့တဲ့ သူတဦးဟာ အကြောင်းလှရင်တော့ တကယ့် သူရဲကောင်းပါဘဲ။
မကြာခင်က ပိုင်ဆိုင်မှုတွေ အားလုံး လှူတန်း သွားတယ်ဆိုတဲ့ ဘီလီယံနာ ‘ဘေးလ်ဂိတ်’ လို၊ လူစားမျိုးပါဘဲ။ တပါးသူ အတွက် စွန့်လွှတ်ရဲတဲ့ သူရဲကောင်းတွေသာ လုပ်ရဲတဲ့ သတ္တိမျိုးပါဘဲ။
ဘဘကို ဆရာလုပ်ကြည့်ပါတယ်-
‘ဘဘ အနေနဲ့ မေကြီးက ဘာမှ ပြောတာမဟုတ်ဖူး၊ စမောလေး ခေါ်တင်ထားလဲ ရတယ်၊ မကြီးနဲ့ မငယ်လဲ သူ့ မိသားစုနဲ့ သူ ခွဲနေကြပစေပေါ့၊ ဘဘ ပိုင်တဲ့ အိမ်ဘဲ၊ ဘဘ ကြိုက်သလို နေပေါ့၊ နောက်ဆုံး စမောလေးက အမွေ ဆိုင်မှာ ကြောက်ရင် မေကြီးနဲ့ ကြိုရှင်းထားလဲ ရတာဘဲ၊ ဘာလို့ အသက်ကြီးမှ ဒီလို နေရတာလဲ?’ လို့ မေးတော့ ဘဘ က တဟားဟားနဲ့ အားရပါးရ ရီပါတော့တယ်။
ကောင်းကောင်း ရီပြီးတော့မှ-
“ဘာလဲ? မင်းက ငါ့ကို လူကြမ်း ဖြစ်စေချင်တာလား?” လို့ မေးပါတယ်။
“လူကြမ်းရယ် မင်းသားရယ်ထက် လက်ရှိ ဘဘ အေးအေးဆေးဆေး နေလို့ရတာပေါ့” ဆိုတော့-
“အခုလဲ အေးအေး ဆေးဆေးဘဲလေ…”တဲ့၊
“ငါက အိမ်နဲ့ခြံကို – မကူး၊ မောင် (ဘဘရဲ့ မြေးများ) တို့ နာမယ်နဲ့ လွှဲခဲ့ပြီးပြီ၊ အခု ငါ လုပ်ချင်တာ လုပ်လို့ ရတယ်”။
‘ဒါပေမဲ့ ဘဘကိုတော့ ပရိတ်သတ်က လူဆိုးလို့ မြင်မှာပေါ့’ ဆိုတာကိုတော့ ဘဘ ပြန်မဖြေခဲ့တော့ပါဖူး။
ပရိတ်သတ်ရဲ့ အဆုံးအဖြတ်ကို အနုပညာရှင် စစ်စစ် တဦးဟာ ဝင် မစွတ်ဖက်တဲ့ သဘောပါဘဲ။
(၁၀)
ကွယ်လွန် စွန့်လွှတ်တဲ့သူမှာ ကမ္မည်းမတပ်ခဲ့သော်လည်း၊ တန်ဖိုးသိတဲ့ ကျန်ရစ်သူများက ဂုဏ်ပြုပေးရတာဟာ –
သိက္ခာရှိတဲ့ လူ့အသိုင်းဝိုင်းရဲ့ ယဥ်ကျေးမှုပါ။

Leave a Reply