ကုသိုလ်ဖြစ်အောင် နေတာ အသာထားအုံး၊ အကုသိုလ် မဖြစ်အောင် နေခြင်းကပင် ဆင်းရဲ၊ ဒုက္ခ ဖြစ်ရခြင်းကင်းစေတယ် ဆိုတာ ဓမ္မသဘောပါဘဲ။
မင်းကွန်းဆရာတော်ကြီးက ဝိပဿနာနည်းနဲ့ လူတွေ အကုသိုလ် မဖြစ်အောင် နေဖြစ်ဖို့ ဖြတ်လမ်းတခု ထုတ်ပြီး၊ လူဗြိန်း နားလည်အောင် “တောင်တွေး မြောက်တွေး လျှောက်မတွေးနဲ့…” လို့ နှုတ်တိုက်ချပေးတော့ ဒကာ ဒကာမ အများစုကလဲ ကဗျာလို လင်္ကာလို တောင်တွေး မြောက်တွေးရင်းဘဲ ရွတ်ကြတယ်။
အဲသည်လို ဝိပဿနာ သဘောတရားကို နားလည်လွဲနေတဲ့ အခါ လူတယောက်ဟာ အကုသိုလ်အလုပ်ကို ကုသိုလ်အလုပ်မှတ် အားပါးတရ လွယ်လွယ်လေးလုပ်ကြတော့တာပါဘဲ။
ဒါဟာ – တစ်ယောက်က နှစ်ယောက်၊ နှစ်ယောက်က တစု၊ တစုက တဖွဲ့ – နောက်ဆုံး နိုင်ငံနဲ့အဝှမ်းမှာ အများစုက အကုသိုလ်တွေကို ကြီးကြီးမားမား အစုလိုက် အပြုံလိုက် တချိန်တည်း လုပ်နေကြတဲ့အခါ၊ ဒီလိုလူမျိုးစုနဲ့ တိုင်းပြည်တွေဟာ ဒုက္ခအရောက်ဆုံး၊ အဆင်းရဲဆုံး နဲ့ အန္တရာယ် အများဆုံး ဖြစ်ရတာဟာ အကုသိုလ်အကျိုးပေးတဲ့ သဘော၊ ဓမ္မသဘောလို့သာ မှတ်တော့ တယ်။
ဝိပဿနာ နဲ့ ဗုဒ္ဓ ရဲ့ အရည်အချင်း ကို အကျွမ်းဝင် ဗဟုသုတ မရှိပေမဲ့၊ ပထမကမ္ဘာရဲ့ လူ့အသိုင်းက ယဥ်ကျေးမှု နဲ့ အတွေးအခေါ် ဟာ- ဗုဒ္ဓပြခဲ့တဲ့ ဝိပဿနာ လူနေမှု လမ်းစဥ်နဲ့ ကြည့်ရင် တလမ်းတည်း ဖြစ်ပြီး၊ သူတို့ဟာ ကမ္ဘာပေါ်မှာ လူနေမှု အဆင့်အမြင့်ဆုံး၊ အချမ်းသာဆုံး နဲ့ လုံခြုံ စိတ်အချရဆုံး လူ့ဘဝတွေကို ရနေနိုင်ကြတာကလဲ၊ သူတို့မှာ ကုသိုလ်အကျိုးပေးတဲ့ သဘော၊ ဓမ္မသဘောလို့ဘဲ မှတ်ယူမိတယ်။
ဘာဘဲ ဖြစ်ပါစေ၊ ကိုယ့်အတွေ့အကြုံ ကတော့ – ဒုံးဝေးတာတွေ၊ ကြပ်မပြည့်တာတွေ၊ လူရွှင်တော် လူပျက်တွေ အကြားကဘဲ ကြီးပြင်းလာပြီးနောက်၊ “တမူးသာ” လို့ ဝိပဿနာ နည်းကိုလဲ ရလိုက်ရော၊ ကုသိုလ်၊ အကုသိုလ်နဲ့ ပြောင်းလဲနေတဲ့ အနိစ္စ သဘောကို တွေ့ရပြီး၊ ဓမ္မအလိုကျ အကုသိုလ်တွေ လုပ်နေတဲ့ လူမိုက်တွေနဲ့ ဝေးရာမှာ ရောက်နေတာဘဲ ဖြစ်ပါလိမ့်မယ်။
Leave a Reply